Friday, November 6, 2009

အပျက်

လမ်းတခုမှာ လျှောက်လှမ်းနေတဲ့
ငါ့ခြေ အစုံက
ကတ္တရာလမ်းပေါ်လား
ဖုန်ထူတဲ့ မြေခင်းလမ်းလား
ကျောက်စရစ်တွေနဲ့ ပြည့်နေတဲ့လမ်းလား
သေသေချာချာ ငါမသိတော့ဘူး...

ဘေးဘီမှာ တွေ့မြင်နေတာ
ငါရင်းနှီးခဲ့တဲ့
လူတွေဘဲလား လူစိမ်းတွေလား
သစ်ပင်လား၊ ရေအိုးစင်လား၊
လမ်းဘေးဓါတ်တိုင်ဘဲလား
ငါမမှတ်မိတော့ပါဘူး...

ငါ့နားထဲကို ရောက်ရှိလာတဲ့
အသံတွေက
လူတွေပြောတဲ့ စကားသံလား
ကားဟွန်းသံလား
လေတိုးသံလား
ငါမဝေခွဲတတ်တော့ပါဘူး...

မော့ကြည့်မိလို့
မြင်တွေ့တဲ့ အရာက
မှောင်မိုက်နေတဲ့ ကောင်းကင်ကြီးလား
ပြာလဲ့နေတဲ့ ပင်လယ်ရဲ့ ရောင်ပြန်ဟပ်မှု့လား
သစ်တောအုပ်ရဲ့ အရောင်အဆင်းလား
ကွဲပြားစွာ သိမြင်လို့မရတော့ပါဘူး....

ရင်အုံမှာ နင့်နေအောင်
ခံစားနေရမှု့ဟာလည်း
နာကျဉ်မှု့လား
ကြေကွဲမှု့လား
ခံပြင်းခြင်းလား
တခုမှ မသေချာတော့ပါဘူး...

သေချာပီပြင်တာက
နှစ်ဦးသား စိတ်တိုင်းကျ
တည်ဆောက်ခဲ့တဲ့
အိမ်မက်ကမ္ဘာ ဖြည့်ဆည်းရာကို
မင်းတယောက်... ကျောခိုင်းလို့
အပြီးတိုင် ထွက်ခွာသွားတယ် ဆိုတာလေးပါဘဲ.......


Monday, November 2, 2009

ကမ္ဘာပျက်တဲ့ည

ပတ်ဝန်းကျင် တခုလုံးမှောင်နဲ့မဲမဲ
မင်းနာမည် တကြော်ကြော် အော်ခေါ်မိလည်း
မင်းက မကြားတာလား၊
မထူးတာလား။

မျက်ရည်တွေကြားက မင်းပုံရိပ်တွေ မပြီပြင်တော့ဘူး
ဆွဲထားလက်ကို မင်းဘက်က ဖျက်သိမ်းလိုက်ပြီး
ငါနဲ့ဝေးရာ တဖြည်းဖြည်းချင်း လှမ်းလို့
အဝေးကြီးကို တိမ်တွေလိုဘဲ
ခရီးနှင်သွားတယ်။

အသက်မက ချစ်ပါတယ်
ပြောခဲ့တဲ့ မင်းစကားလေးတွေက
မင်းနဲ့တူတူ အဝေးဆုံးကို ထွက်ခွာသွားပြီ။

ကိုယ်ဘယ်လိုလူလည်း မင်းသိပါတယ်
ပြောခဲ့တဲ့စကား
သစ္စာတရားဟာ ကိုယ့်သိက္ခာ
ချစ်ခြင်းနဲ့ မေတ္တာဟာ မင်းအတွက်
ပြောခဲ့တဲ့စကားက
နံနက်နေခြည်နဲ့ ထိတွေ့လိုက်ရတဲ့
နှင်းစက်လေးတွေလို အငွေ့ပျံလွင့်
ပျောက်ကွယ်သွားပြီ။

ဘာတွေလဲ၊ ဘာဖြစ်တာလဲ
နားမလည်တော့ဘူး...

ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်က
မင်းရဲ့ ချစ်ခြင်း၊
မင်းရဲ့ သစ္စာ၊
မင်းရဲ့ ကြင်နာမှု့တွေကြောင့်
မယုံဘူးတဲ့။


အိမ်မက်တွေ အလဲလဲ အပြိုပြိုနဲ့
ဦးတည်ရာမဲ့ ဘဝပျက်လို့
အားလုံးက ကိုယ့်ဘက်မှာ ရှိမနေကြဘူး
အားလုံးက ကိုယ့်ကို ဖုံးဖိကြတယ်
ကိုယ့်ရဲ့ အားကိုးရာ
တဦးတည်းက ကိုယ့်ကိုထားရစ်ခဲ့ပြီး
အဝေးကို ထွက်ခွာသွားပြီ
ကိုယ့်ဘဝလည်း တိမ်တွေဖုံးလို့ပေါ့။


Wednesday, October 14, 2009

ဘဲ အိမ်မက်



သူငယ်ချင်း....
တစ်နေ့ညဖက်
အိမ်မက် မက်၏။

အိမ်မက်ထဲမှာ ကြုံရပါ၏
ငါက " ဘဲ " ဖြစ်နေသတဲ့ ။

ငါနှင့်အတူ
ဘယ်သူဘယ်ဝါ ၊ မသိပါတည့်
ဝါ ပြာ နီ ညို ၊ အနက်ကိုယ်နှင့်
ငါလိုဘဲက သုံးလေးကောင်တဲ့။

ငါတို့သခင် ၊ ဘဲပိုင်ရှင်က
သားတင်မျိုးလုပ်၊ ဥမထုတ်တဲ့

ချုပ်စပ်ရွာနီး ၊ ပတ်မတီးလျှင်
ပွဲကြီးပွဲသေး ၊ ပွဲမရွေးတဲ့
လောင်းကြေးစားကြေး ၊ ငါးဆပေး၍
ဝဋ္ဋ်ကြွေးမကင်း ၊ တို့လည်ပင်းနှင့်
ကြိမ်ကွင်း အပစ်ခံသတဲ့။

လာပါပစ်ပါ ၊ လူခေါ်ရာ၌
ငါတို့သခင် ၊ အာသိပ်ရွှင်သတဲ့။

ပွဲခွင်လေဟာ ၊ ရွှေပွဲလာတို့
ဇာတ်မှာငုံးတိ ၊ လူမကြည့်တဲ့

ရှိသမျှလူစုံ ၊ တို့ဘဲရုံမှာ
ဝိုင်းအုံပြွတ်သိပ် ၊ အံတွေကြိတ်လျက်
မချိတ်မချင်း ၊ တို့လည်ပင်းကို
ကြိမ်ကွင်းတွေနှင့် ပစ်သတဲ့။

ပစ်လေရှောင်လေ ၊ ရှောင်လေ လွဲလေ
လွဲလေမဲလေ ၊ မဲလေရှုံးလေ
ရှုံးလေ ပစ်လေ
ကြိမ်ကွင်းတွေက ၊ လေထဲမှာဝဲ
တို့ဘဲတွေက ချွေးကျမစဲ။

အိမ်မက်ထဲက ၊ လန့်နိးထတော့
ငါ့မှာ ဟောဟဲ ၊ မောနေဆဲတည့်
အသည်းထိတ်စရာပဲ သူငယ်ချင်း




Saturday, October 10, 2009

မင်း...ဘယ်မှာလဲ

အထင်မှားနေတာပါလို့
လူကြားထဲ တစာစာအော်
ငါ..မင်းကို မရှင်းပြချင်ဘူး ဟန်နီ

အဆုံးသတ် နားလည်နိင်မှုမှာ
ရင်နှစ်ခုလုံး နာကျင်တာပဲ
ကျန်ခဲ့ရလိမ့်မယ်


အခု..မင်းဘယ်ရောက်နေလဲ
ငါမင်းကို...လိုက်ရှာနေတယ် ဟန်နီ
ဘ၀ကို ဘ၀နဲ့ ရင်းဝယ်ဖို့
မင်းအဲဒီလို...နောက်ဆုတ်လို့ မရဘူးလေ

ပြန်လာခဲ့ပါ..ဟန်နီ
ခဏလောက်ပဲ ဖြစ်ဖြစ်ပေါ့


Wednesday, October 7, 2009

အနေမတက်သူ



အမှန်ကိုချစ်တဲ့ ၊ အမှန်ကို ကျင့်တဲ့သူ
လူကြားထဲ နေလို့ မရဘူး


လူတွေကို မှန်အောင် ပြင်ကြည့်ရင်း
လူတွေကြားထဲ အမှန်ပြောရင်း
သူဟာ လူများစုရဲ့ ဖယ်ကျဉ်ခြင်းကို ခံရတက်တယ်

ကိုယ်ချို့ ယွင်းချက်ကို မမြင်ဘူး
သူများ မှားတာကို
အခွင့်ကောင်းယူပြီး နှိပ်ကွပ်တယ်

မနေနိင်လို့
အမှန်ကို ၀င်ပြောပြန်ရင်
ပြောတဲ့သူ အမုန်းခံရပြန်တယ်

လောကကြီးကလည်း
လူများစုကို မျက်နှာသာပေးနေပြန်တော့
ကြာတော့ အမှန်ပြောတဲ့ သူတွေလည်း
စိတ်ရောဂါ ရလာတော့တယ်







Thursday, October 1, 2009

ဆန္ဒ





ခင်ဗျားကလည်း ပြောချင်တာ ပြောတယ်
သူကလည်း လုပ်ချင်တာ လုပ်တယ်
ကျနော်နဲ့ တခြားသူတွေက
ဘေးကနေ ပြူးကြောင်ကြောင်နဲ့ ရပ်ကြည့်လို့

ခင်ဗျားက ဘာရလို့ ပြောလဲ ကျနော်မသိဘူး
သူကလည်း ဘာတွေရနေလို့ လုပ်ချင်တာ လုပ်နေတာလဲ မသိဘူး
သေချာတာက
ကျနော်နဲ့ တခြားသူတွေ
ဘ၀ကို စိတ်ကုန်နေကြပြီ

၂၀.. မှာ ဘာဖြစ်မယ်
ကျနော်နဲ့ တခြားသူတွေ မသိဘူး
သေချာတာက
၂၀၁၂ မှာ ကမ္ဘာကြီး ပျက်သွားရင် ပိုကောင်းမယ်










Wednesday, September 30, 2009

ဒဏ်ရာ


 

အပြင်မထွက်ချင်ဘူး

ဘယ်သူနဲ့မှလည်း မတွေ့ချင်ဘူး

စား ၊ ထိုင် ၊ ရပ် ၊ အိပ်

နေရာတိုင်း ၊ အချိန်တိုင်းမှာ

မင်းပုံရိပ်တွေပဲ စိုးမိုးနေခဲ့တာ

 

ဒီကြားထဲ ပြင်ဦးလွင်မြူတွေက

ငါ့ကို သရော်လိုက်

125 ဆိုင်ကယ်ပေါ်က စုံတွဲတွေက

ခါးဖက်ပြီး လူးလားခေါက်တုန့် မောင်းပြလိုက်နဲ့

 

ဟန်နီ…ရေ

မင်း….ဘာတွေလုပ်နေမလဲ

ဘယ်သူနဲ့ စကားပြောနေသလဲ

မင်းရင်ထဲ ငါ့ကိုလွမ်းတာ ဘယ်လောက်ထိ နက်ရှိုင်းနေပြီလဲ

တိတ်တိတ်လေး တွေးတော့

သိပ်စိတ်လေးမိတယ်

 

နောက်ဆို မခွဲတော့ဘူးနော်လို့

အားပေးသလိုလိုနဲ့

ကိုယ်ဘာသာ ကိုယ်နှစ်သိမ့်ရင်း

ရင်ခွင်အလွမ်းကို

ပီပီပြင်ပြင် ထမ်းရင်းနဲ့

 

အခုတော့ တို့နှစ်ယောက်က ဟိုးအဝေးကြီးဆီမှာ



Monday, September 28, 2009

ထာဝရမြို့....


တို့ဟူးနွေးနဲ့ အီကြာကွေး
မြှီးရှည်နဲ့ ကြက်အူချောင်း
ရေစိမ်နဲ့   နှစ်ဆိုင်တည်းသော မုန့်ဟင်းခါး
လက်သုံးချောင်း အရေအတွက်ပဲ ရှိတဲ့ လက်ဖက်ရည်ဆိုင်

မြို့အစနဲ့ အဆုံးက ၁ မိုင်နီးပါး
ဈေးနေ့မဟုတ်ရင် လူမလာတဲ့ ဈေးတခု
၃ ယောက်ပဲ ရှိတယ်လို့  သိရတဲ့...ဆေးရုံက ဆရာဝန်
ရှေးဟောင်း မီးသတ်ကား ၁ စီး
စီးပွားရေး ဘဏ် ၁ ခု
ပြောင်းဖူးခင်းတွေ ၊ မြေနေရာဗွက်အပြည့်နဲ့
ခြံစည်းရိုးမရှိ ၊ ပြောင်းသလင်းခါနေတဲ့ ပန်းခြံ

ဆီတကွာတား  ၁၀၀၀ိကျပ်
ဘာစားစား ၅၀၀ိ
ဘိန်းစားတဲ့ လူ
ဆေးပြားသောက်တဲ့ သူတွေပဲ ပေါတဲ့

ကျွန်တော် လွမ်းတဲ့....ကွတ်ခိုင်





Thursday, September 17, 2009

အမျိုးသမီးများ သုံးနေကျ စကား ၉ ခွန်း။

(1 ) Fine: ကောင်းပြီလေ။ ။။ ဤစကားလေးက အမျိုးသမီးများ က သူမ မှန်နေသော အချိန် သင်နုတ်ပိတ်ဖို့ အတွက်ပြောခြင်းဘဲ။

( 2 ) Five Minutes: ငါးမိနစ်။ ။။ သူမ အပြင်ထွက်ဖို့ အဝတ်အစားလဲနေချိန်သုံးပါတယ်၊ ဒီလိုဆို သေချာပြီ ခင်ဗျား နာရီဝက်အနဲဆုံး စောင့်ရမယ် ဆိုတာပါဘဲ။ သင်ဘောလုံးပွဲကို စိတ်ဝင်တစားထိုင်ကြည့်ပြီး၊ အိမ်အလုပ်ကို လျစ်လျူရှုနေရင်တော့ သင့်အတွက် ငါးမိနစ်ဟာ ငါးမိနစ်ထက်လုံးဝ မပိုတော့ပါဘူး။

( 3 ) Nothing: ဘာမှမဟုတ်ပါဘူး၊ အရေးမကြီးပါဘူး။ ။။ ဒီစကားလုံးသုံးပြီဆိုရင် သတိထား၊ ပြီးတဲ့နောက် ကြီးမားတဲ့ တိုက်ခိုက်မှု့တခုရှိနေလို့ဘဲ။ သင့်အနေနဲ့ ခြေနဲ့ တင်ပါး တထပ်တည်းကျအောင် ပြေးနိုင်ဖို့ အဆင်သင့်ပြင်ထားပါ၊ နူးညံ့သိမ်မွေ့တဲ့ အဖြေတခုနဲ့ အဆုံးသပ်မှာ မဟုတ်လို့ဘဲ။

(4) Go Ahead : လုပ်လိုက်လေ။ ။။ ဒီလိုဆိုလို့ ခွင့်ပြုချက်ရပြီလို့ မထင်လိုက်လေနဲ့၊ လုပ်ရဲရင် လုပ်ကြည့်ဆိုတာမျိုးဘဲ။ မပြုမိအောင် ဂရုပြုပါ။

(5) Loud Sigh: သက်ပြင်းရှည်။ ။။ ဒီမှာ အဓိပ္ပါယ် အားလုံးပါသွားပါပြီ၊ မင်းကို လုံးဝနားမလည်နိုင်တော့ဘူး၊ စိတ်မရှည်နိုင်တော့ဘူး၊ ဆိုတဲ့ အဓိပ္ပါယ်လေးပါ၊ သက်ပြင်းရှည်လျားစွာ ချပြီဆိုရင်တော့၊ အသုံးမကျတဲ့ သူနဲ့ ဘာကြောင့် အချိန်ကုန်၊ လေကုန်ခံပြီး အငြင်းပွားနေပါလိမ့် ဆိုတဲ့ သဘောဘဲ၊(နံပါတ် ၃ ကိုပြန်လည် အမှတ်ယပါ)။

(6) That's Okay: ရပါတယ်၊ ကိစ္စ မရှိပါဘူး။ ။။ အန္တရယ် အကြီးမားဆုံးသော စကားလုံးလေး တခုပါ၊ သင့်အမှားအတွက် ကြီးမားသော ပေးဆပ်မှု့တခုကို သင့်ထံမှ တောင်းဆိုတော့မှာ ဖြစ်တဲ့ အတွက် အသင့်ပြင်ထားလိုက်ပါတော့။
(7) Thanks: ကျေးဇူး တင်ပါတယ်။ ။။ အဲလိုများ အပြောခံရပြီဟေ့ ဆိုရင် မအံ့သြလိုက်ပါနဲ့ တကယ်တမ်း စိတ်ထဲကပြောတာပါ၊ ကျေနပ်စွာ လက်ခံလိုက်ပါ။ ရင်ထဲက စစ်မှန်သော စကားတရပ်ပါ ယုံကြည်လိုက်ပါ။ ကိစ္စမရှိပါဘူးလို့ များ ယောင်လို့ မပြောလိုက်ပါနဲ့၊ ကိုယ်လုပ်ပေး၊ ပြုပေးလိုက်ရလို့ ဝမ်းသာပါတယ်လို့သာပြောလိုက်ပါ။

(8) Whatever: ဘာဖြစ်ဖြစ်လေ။ ။။ ဒီစကားလုံးက သိမ်မွေ့တဲ့ ဆဲရေးတိုင်းထွာခြင်းဘဲလေ၊ သတိနဲ့သာ နေတော့။

(9) Don't worry about it, I got it : စိုးရိမ်စရာ မလိုပါဘူး၊ ရပါတယ် ကျမလုပ်လိုက်ပါ့မယ်။ ။။ ဆိုတဲ့သဘောကတော့ ရန်ပွဲမစခင်၊ စကားချိုသပ်ခြင်းပါဘဲ သင့်ကိုလုပ်ဖို့ ကြိမ်ဖန်များစွာ ပြောထားပေမဲ့၊ သင့်ပျက်ကွက်မှု့ကို သည်းမခံနိုင်မှု့ကို ပြသတဲ့ သဘောပါဘဲ။ ဒီနောက်တော့ နံပါတ် ၃ကို ပြန်ရောက်တော့တာဘဲ။


ယောကျာ်းသားများ သဘောပေါက်စေရန် ကျွန်တော့ အီမေးလ်က ရထားတဲ့ မှတ်သားဖွယ်လေးကို ပြန်လည်တင်ပြလိုက်ပါတယ်။


Wednesday, September 16, 2009

လက်ဝှေ့တရား


သူငယ်ချင်း.....
မင်း သူ့ကိုကြည့်

ဘယ်လက်သီးကို
ကြီးထွားသန်မာ ၊ ကျစ်လစ်လာအောင်

ညာလက်သီးကို
ကြီးထွားသန်မာ ၊ ကျစ်လစ်လာအောင်

အထိုးအသတ်
ဖျတ်လတ်သွက်ချာ လျှင်မြန်လာအောင်

ဂျုံအိတ်တွေ့တွေ့
ဆန်အိတ်တွေ့တွေ့
လက်ဝှေ့ပညာ ၊ မာန်ဝင်လာ၍
ညာနှင့်ဘယ်နှင့် ၊ အထိုးကျင့်၏

သူငယ်ချင်း......
လက်သီးဘယ်ညာ
ဘယ်လောက်မာမာ
အထိုးအသတ်
ဖျတ်လတ်ခြေလက်
ဘယ်လောက် သွက်သွက်

သူငယ်ချင်း.......
မင်း သူနှင့်ခင်
အကျွမ်းဝင်လျှင်
ပြောချင်ပြောလိုက်

အရှောင်အတိမ်း
ကိုယ်ယိမ်းဘယ်ညာ
တက်ထားပါမှ.....
မတက်ပါလျှင်
ဘယ်ညာနံစောင်း
အရိုးချောင်းတွေ
ဖြောင်းဖြောင်းကျိုးသွားမယ် သူငယ်ချင်း

( ကဗျာဆရာနာမည်မေ့ )